Thursday, May 27, 2010

မြို့ကလေး


နေရစ်ခဲ့တော့မြို့ကလေးရေ.....................................။
အရောင်အသွေးစုံလင်တဲ့ လူတွေ ၊ကားတွေ ၊တိုက်တာအဆောက်အဦးတွေ ၊စက်ရုံတွေကိုဝါးမြိုရင်း ကျန်ရစ်ခဲ့ပေတော့ ။နင့်ရဲ့ဗိုက်ထဲက ပျစ်ခဲနေတဲ့ကတ္တရာစေးတွေ ခွါချဖို့တော့မမေ့နဲ့ပေါ့ ။ဝင်းစိုနေတဲ့တက်ကြွမှုတွေ အန်ထုတ်ရင်း အဆိပ်သင့်လေငွေ့တွေကိုတော့မှုတ်ထုတ်လိုက်ပါကွယ် ။




စက်တော်ရာဘုရားရဲ့အာလိန်ငါးဆင့်ထိပ်ဆုံးကိုရောက်သွားပြီဆိုရင်ပဲ အပင်တွေကြားထဲမှာ ပုန်းခိုနေတဲ့မြို့ကလေးကို ဘွားကနဲကျွန်တော်တွေ့လိုက်ရတယ် ။မြို့ကလေးက ရှက်သယောင်မျက်လွှာချလို့....။မြင်ကွင်းထဲကို စိမ်းစိုနေတဲ့အပင်အုပ်အုပ်ကြီးတွေ ပြေးပြေးဝင်လာတယ် ။ကျွန်တော်ချစ်တဲ့ကျွန်တော့်ရဲ့မြို့ကလေးက အခုတော့လည်းအေးမြလို့ ၊ငြိမ်သက်လို့ ။
မြို့ကလေးရေ....................
နင်ဟာ ချစ်စရာကောင်းတုန်းပါပဲ ။

တ၀ီဝီကားသံတွေ ၊တိုက်ဖြူဖြူ လူထူထူတွေ ...ပြီးတော့ ဆူညံနေတဲ့ရနံ့တွေ ။အခုတော့လည်း ခေတ္တခဏကွယ်ပျောက်လို့ပါလား ။လေပြည်ဟာ ဝေ့ကနဲတိုက်ခတ်သွားတယ် ။ဆွဲလွဲသံဟာ တချွင်ချွင်မြည်လို့ ။ကျောင်းသူတစ်အုပ် အာလိန်ငါးဆင့်ပေါ် ပြေးတက်လာကြတယ် ။အလုအယက် မောကြီးပန်းကြီး.....။ကျွန်တော်ရပ်နေရာကိုတွန်းထိုးခုန်တိုက်ပြီး သံဇကာလက်ရန်းတွေနား အပြေးအလွှားတိုးကပ်သွားကြတယ် ။တစ်ယောက်က..
”ဟယ် လှလိုက်တာ ”
တစ်ယောက်ကလည်းပလုံးပထွေးနဲ့
”အပင်တွေ အပင်ကြီးတွေ အများကြီး အများ....”
တစ်ယောက်က ၀မ်းသာအားရနဲ့ဖြတ်ပြောတယ် ။
”အေးလေ အောက်မှာတုန်းက အပင်တွေဘယ်ရောက်နေလဲမသိဘူး ။အခုအပေါ်စီးက ကြည့်တော့အပင်တွေစိမ်းလို့စိုလို့ ”
ထောက်ခံကြတယ်..သံပြိုင်...။
”မျက်စိအေးလိုက်တာ ”
ကျွန်တော်ပြုံးနေတယ် ။ငြင်ငြင်သာသာလေးကို ပြုံးနေတာပါ ။မြို့ကလေးရဲ့လတ်ဆတ်တဲ့ရနံ့တွေ သူတို့အပြည့်အ၀ ၀ါးမြိုကြတယ် ။လက်နှစ်ဘက်ကို ဆန့်တန်းလို့......။တွန်းထိုးနောက်ပြောင်ပြီး အသက်၀၀ရှုလို့ ။သူတို့ပျော်ရွှင်နေကြတယ် ။မြို့ကလေးရဲ့ပုန်းဝှက်ထားတဲ့ လွတ်လပ်အေးချမ်းမှုကို ရှာဖွေတွေ့လိုက်ရလို့ ကျေနပ်ပျော်ရွှင်နေကြတယ် ။
မြို့ကလေးရေ....................................
တိုးတိုးလေးခေါ်ကြည့်တယ် ။အပင်အုပ်အုပ်တွေကြားက လှစ်ကနဲမျက်လုံးဖွင့်ကြည့်လို့ ရှက်ပြုံးပြုံးတယ် ။အပင်အုပ်အုပ်တွေကြားက လှစ်ကနဲမျက်လုံးဖွင့်ကြည့်လို့ ရှက်ပြုံးပြုံးတယ် ။ကျွန်တော်မျက်လုံးမှိတ်နေခဲ့ပါတယ် ။
မြို့ကလေးရဲ့ငြိမ်သက်မှုကိုစားသုံးနေတယ် ။ဖွဖွလေး......................။



ထီးတွေလုပ်တဲ့လမ်းကျဉ်းကလေးထဲကို အဝေးကရောက်လာတဲ့ကျွန်တော့်သူငယ်ချင်းကိုခေါ်သွားမိခဲ့တယ် ။အဲဒီ့လမ်းထဲ စ၀င်လိုက်လိုက်ချင်းပဲ သူငယ်ချင်းဆီက ”ဟင် ဟာ” စတဲ့အာမေဋိတ်သံတွေခုန်ပေါက်ထွက်ကျလာတယ် ။
”လှလိုက်တာ လှလိုက်တာ ”
ကျွန်တော်ခွန်းတုံ့မပြန်ဘဲ ဆိတ်ဆိတ်နေလိုက်တယ် ။သူကအငမ်းမရ ဆက်ပြောပြန်တယ် ။
”အနုပညာပြခန်းတစ်ခုထဲရောက်သွားသလိုပဲ”
အဲဒီ့နောက်မှာ ထီးကလေးတွေရဲ့လှပနိုင်မှုနောက်မှာ သူမျောပါသွားပြီး ကျွန်တော့်ကိုတောင် မေ့လျော့သွားခဲ့ပါတယ် ။လမ်းတလျောက် နေလှန်းထားတဲ့ထီးတွေကို သူအနီးကပ်ကြည့်တာ ၊တမေ့တမောငေးတာ ၊ဆိုင်ရှင်သဘောကောင်းရင် လက်နဲ့အသာအယာထိတွေ့ကြည့်တာ စတာတွေကို ခပ်ပြုံးပြုံးနဲ့ကျွန်တော်ငေးကြည့်ရင်း သူ့ကိုအနုပညာဖမ်းစားမှုထဲလွင့်မျောခွင့်ပေးလိုက်ပါတယ် ။သူ့ပါးစပ်ကြီးက ပြန်မစေ့တော့ဘဲ မျက်ဝန်းတွေမှာ အံ့သြမှု ၊ကျေနပ်မှု ၊ ပျော်ရွှင်မှု ၊စိတ်ဝင်စားမှုတွေနဲ့ တလက်လက်လျှံလို့ ။ထွက်ဖြာကျလာတော့မယ့်အတိုင်း ။

မြို့ကလေးရေ.........................
နင်ဟာချစ်စရာကောင်းနေတုန်းပါပဲ ။

မြို့ပြရဲ့တိုးတက်မှု အရိပ်အယောင်အောက်မှာ မြို့ကလေးဟာ မွန်းကျပ်နေရှာတယ် ။ရှည်လျားလျားတိုက်ရောင်စုံတွေ ၊ခပ်ကျဉ်းကျဉ်းလမ်းကိုမှ မထောက်မဆံ့မပြဲထိုးသိပ်ထားတဲ့ ကားရောင်စုံတွေ ၊ဆိုင်ကယ်တွေ ၊စက်ဘီးတွေ ၊လူတွေ.......။
မိုတယ်တွေလား...အင်းတွေလား အပြိုင်အဆိုင်ပေါ်ပေါက်လို့ ။ကာရာအိုကေရုံတွေကလည်း လက်ညှိုးထိုးမလွဲ စုပုံနေလေရဲ့ ။တွေ့လား..ယာဉ်ကြောပိတ်ဆို့လို့ ကားတွေ ၊လူတွေ ၊စက်ဘီးတွေ ၊ဆိုင်ကယ်တွေ စီတန်းစောင့်နေကြတယ် ။
မြို့လယ်ခေါင်မှာ ၊ကမ်းနားလမ်းတောက်လျှောက်မှာ ၊ဟာလ၀ါဆိုင်တွေဟီးထလို့ အလျှိုလျှို ။တစ်လမ်းမောင်း ၊နှစ်လမ်းမောင်းတွေနဲ့ ခွဲခြားသတ်မှတ်နေရလောက်အောင် မြို့လေးဟာ မောပန်းနေပေရဲ့ ။

မြို့ကလေးရေ.......
ကားထူထူကြားက အားစိုက်ပြီးအော်လိုက်တော့ မြို့ကလေးက မောပန်းနာကျင်နေရာကယဲ့ယဲံလေးပြုံးပြတယ် ။ပြီးတော့ ဟိုက်သံလေးနဲ့အသံထွက်ရုံပြောတယ် ။တကယ့်ကိုတိုးတိုးလေး ။
”ငါ မ ခံ နိုင် တော့ ဘူး ”
နားစွင့်အာရုံစိုက်နေရာက ကျွန်တော်ဒိတ်ကနဲဖြစ်သွားတယ် ။ရင်ခုန်သံတေံ တဒိုင်ဒိုင်းမြည်လို့သွေးတွေ တဒိတ်ဒိတ်တိုးလာတယ် ။မိုင်ပေါင်းများစွာပြေးလွှားလာရသူလို မြို့ကလေးကိုကရောကပါး ထစ်ထစ်ငေါ့ငေါ့ပြောလိုက်ရတယ် ။နေပါဦး..နေပါဦး တောင့်ထားပါဦး မြို့ကလေးရယ် ။အားမလျော့လိုက်ပါနဲ့ ။မလျော့လိုက်ပါနဲ့ဦး ။နည်းနည်းလေးအနားယူလိုက်ပါဦး ။
မြို့ကလေးက ကြေကွဲတဲ့အပြုံးနဲ့ နာကျင်စွာနှုတ်ခမ်းသပ်တယ် ။
”ဒီလိုပဲပေါ့ ”
ကျွန်တော် မြို့ကလေးကိုအားပေးတဲ့အပြုံးနဲ့နှစ်သိမ့်လိုက်တယ် ။သူကလည်း ပြန်ပြုံးပြရှာပါတယ် ။မဆိုစလောက်လေးပါ ။
မြို့ကလေးရေ......................
နင်ဟာ ချစ်စရာကောင်းနေတုန်းပါပဲ။



ကမ်းနားစပ်မှာ ညင်ညင်သာသာပဲထိုင်ချပြီး င၀န်မြစ်ကြီးကို ကျွန်တော်ငေးမောကြည့်နေခဲ့တယ် ။လတ်ဆတ်တဲ့လေတွေဟာ မရှုမသွင်းရပဲနဲ့ ကိုယ်ထဲကိုအလုံးအရင်းနဲ့ ၀င်ရောက်လာတယ် ။သမ္ဗာန်ခတ်သံတကျွိကျွိက အကြားအာရုံမှာတွဲရွဲခိုလို့ ။
ဝင်လုဆဲနေရောင်ကြီးက ပုဇွန်ဆီရောင်သမ်းလို့ ။ပြပြ မြင်နေရတဲ့ တောအုပ်တွေဟာ စိမ်းစိုနေတယ် ။ဗျိုင်းတစ်အုပ်က ရုတ်ကနဲထပျံသွားချိန်မှာ ကျွန်တော့နာမည်ခေါ်သံကို ပီပီသသကြားလိုက်ရတယ် ။အံ့သြမှုနဲ့ ဝေ့၀ဲရှာဖွေမိတော့ မြို့ကလေးဟာ
ကြည်ကြည်စင်စင်ပြုံးလို့ ကျွန်တော့်နံဘေးကိုရောက်နေတယ် ။
အမယ်..သူအနားယူတော့မယ် ။
မြို့ကလေးဟာ ကလေးငယ်တစ်ယောက်လို လေနဲ့အတူ ကမ်းစပ်မှာ ပြေးလွှားနေတယ် ။လှေငယ်ကလေးတွေကိုလည်း ”ဟေး ဟေး ” နဲ့အော်လို့ ၊အဆုံးမဲ့လွတ်လပ်ပေါ့ပါးမှုတွေနဲ့ပျော်ရွှင်နေတဲ့မြို့ကလေးကိုကြည့်ရတာ ကလေးငယ်တစ်ယောက်လိုပဲ ။
သူဟာ အသက်ဘယ်လောက်ရှိမှာပါလိမ့် ။ကျွန်တော့်ထက်အဆပေါင်းများစွာ ကြီးမှာပေါ့ ။အဘိုး ၊အဘေး ၊အဘီ ၊အဘောင် မဟုတ်သေးပါဘူး...တီ ၊တွတ် ၊ကျွတ်......ဒါက ပို ဆိုး သေး ။အသံထွက်အောင်ရယ်မောလိုက်ောတ့မြို့လေးက မျက်လုံးလှန်ကြည့်တယ် ။ပြီးတော့ မျက်စောင်းထိုးသွားပါတယ် ။ကျွန်တော် ရယ်မောလို့သာနေလိုက်တယ် ။ကြည့်စမ်းပါဦး...ကျွန်တေယ့်ထက်အဆပေါင်းများစွာကြီးတဲ့ မြို့ကလေးကနုပျိုသစ်လွင်နေလိုက်တာ ။ဆန်းသစ်မှုတွေနဲ့လှပနေလိုက်တာ ။ရင့်ကျက်မှုတွေလောင်းထားတဲ့ နုပျိုမှုတွေနဲ့မြို့ကလေးဟာ သိပ်လှပပါတယ် ။
မြို့ကလေးရေ................................
နင်ဟာချစ်စရာကောင်းနေတုန်းပါပဲ ။


မီးခိုးငွေ့တွေတလူလူလွင့်နေတဲ့ ဆန်စက်ကြီးတွေနားများဖြတ်မိရင် မြို့ကလေးဟာ ရင်ကော့သွားတတ်တယ် ။လက်မတောင်ထောင်လိုက်သေးတယ် ။ကြွားဝါတဲံ့လေသံနဲ့ ပြောဖြစ်အောင်ပြောလိုက်သေးတယ် ။
”မြန်မာပြည်ရဲ့ဆန်အိုးကြီးကွ ”


အဲဒီ့အလိုက်မှာတော့ မြို့ကလေးကိုနည်းနည်းအမြင်ကတ်မိတာနဲ့ ကျွန်တော်စကားပြန်မပြောဖြစ်ောတ့ဘူး ။တစ်ခွန်းတော့ပြောလိုက်မိသေးတယ် ။
”အလကား...မီးမလာတာတော့ထည့်မပြောဘူး ”
မြို့ကလေးက အံ့သြဟန်ဆောင်ထားတဲ့ မျက်လုံးကိုပြူးပြပြီး ကျွန်တော့်ကိုလှောင်ရယ်ရယ်တယ် ။
”မဆိုင်တာတွေ...နင်မှ အသုံးမကျတာ..ဒီမှာ ဒီရပ်ကွက်က အမြဲထိန်ထိန်လင်းလို့”
ကျွန်တော်ပါးစပ်ပိတ်သွားပါတယ် ။အဲဒီ့နောက် မြို့ကလေးရဲ့ အောက်ကလိအာရယ်သံကို နာလိုခံခက်နဲ့နားထောင်လိုက်ရပါတယ် ။ကျွန်တော်ပြုံးမိသွားတယ် ။
မြို့ကလေးရေ.....................
နင်ဟာချစ်စရာကောင်းတုန်းပါပဲ ။


ရွှေမုဠောဘုရားရင်ပြင်မှာ အသာအယာထိုင်ရင်းဝန်းကျင်ကို ငေးမောကြည့်နေမိတယ် ။ကျွန်တော့်ရင်မှာဆိုနင့်နေတယ်။နည်းနည်းလေးလဲ ကြေကွဲနေသလိုပဲ ။ခပ်ပါးပါးလေးပါ ။ခါတိုင်းနှစ်ထက်ပူနေတဲ့ အပူရှိန်က လေနဲ့အတူ ကျွန်တော့ထံပါး တိုးဝှေ့အလည်ရောက်လာတယ် ။ဒီအပူကိုပဲ မိမိရရရှုရှိုက်မိသလား......ကျွန်တော်မသိဘူး ။ကျွန်တော်တို့နေတဲ့ရက်ကွက်ငယ်လေးတွေမှာ ခြောက်သွေ့ညှိုးရော်ပြီး ရေတွေခန်းခြောက်နေတာ ဘာကြောင့်လည်း...ကျွန်တော်မတွေးချင်ဘူး ။မတွေးရက်ဘူးဆိုတာက ပိုမှန်လိမ့်မလား ။
ဘာပဲဖြစ်ဖြစ် ဟိုးးးအဝေးကြီးက နေရာတစ်နေရာကို အလုပ်လုပ်ကိုင်ဖို့ ကျွန်တော်သွားရတော့မယ် ။အဲဒီ့မှာ စိမ်းလန်းနေမှာလား ။ဘယ်လောက်စိမ်းလန်းပါစေ ကျွန်တော်မြို့ကလေးရဲ့ လေကလွဲပြီး.... ။လေအဝှေ့မှာ ဆွဲလွဲသံက တချွင်ချွင်နဲ့ ။ဝန်းကျင်က အပူတွေအားလုံးရပ်တန့်သွားပြီးအေးမြသွားတယ် ။
ကျွန်တော်ဘုရားကို လေးလေးမြတ်မြတ်ဦးချလိုက်တယ် ။စိတ်ထဲမှာ ငြိမ်ငွေ့လို့ ။ရှင်းသန့်နေတယ် ။
ဒီအခိုက်မှာ ထိုင်းဘုရားကျောင်းနားက ဟီးထနေတဲ့အမှိုက်ပုံကြီး အကြောင်းလဲ ကျွန်တော်သတိမရတော့ဘူး ။တစ်ခါတရံ စည်းကမ်းမဲ့ထွေးထုတ်သွားတဲ့ ကွမ်းတံတွေးတွေလည်း ကျွန်တော်မမြင်ယောင်တော့ဘူး ။
မြို့ကလေးက လှပနေဆဲပါ......သူဟာ သူတတ်နိုင်သလောက် သဘာဝအလှအပတွေနဲ့ လှပနေဆဲပါ.........................။



မြို့ကလေးရေ...............
ကျွန်တော်သွားတော့မယ် ။
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ ။
ကျွန်တော်ချစ်တဲ့ ကျွန်တော့်မြို့ကလေးရေ...................
မီးရောင်စုံ ၊လူရောင်စုံ ၊စိတ်ရောင်စုံတွေကြားမှာ ကြံ့ကြံ့ခံလို့ တစ်ခါတရံ င၀န်မြစ်ကမ်းခြေမှာ အပန်းဖြေရင်း ၊ရွှေမုဠောဘုရားကိုသက်ဝင်ရှိခိုးရင်း ကျန်ရစ်ခဲ့ပါတော့ ။ကျွန်တော်ဟာ ဟိုးးအဝေးတစ်နေရာကို ဘ၀အတွက်ထွက်သွားရပါဦးမယ် ။ကျွန်တော့်ကို သွားခွင့်ပြုပါတော့ ။မြို့တော်ကြီးဆီက ရောင်စုံလူများနဲ့ ရောင်စုံစိတ်များစွာကို ကျွန်တော်သောက်သုံးဖို့သွားပေဦးမယ် ။ခါးသက်သလိုချိုမြနေမှာပါ ။အဲဒီ့အခါ ချစ်စရာကောင်းတဲံ မြို့ကလေးရဲ့ရင်ငွေ့ကို ကျွန်တော်တမ်းတနေမှာပါ ။
မြို့တော်ကြီးက အံ့သြဖို့ကောင်းတဲ့လူတွေကို အံ့သြဖို့ကောင်းတဲ့ကျွန်တော်ရဲ့မြို့ကလေးရဲ့နာမည်ကျော်ပုသိမ်ထီးနဲ့ပုသိမ်ဟာလ၀ါအကြောင်းကို မြိန်ရေယှက်ရေ ကျွန်တော်ပြောပြနေဦးမှာပါ ။ထမင်းငတ်ခဲ့တဲ့ ကျွန်တော်ဟာ မြန်မာပြည်ရဲ့ဆန်အိုးကြီးအကြောင်းကိုတော့ အားပါးတရ ပြောပြနေဦးမှာပါ ။
ကျွန်တော်သွားတော့မယ် ။
ချစ်စရာကောင်းတဲ့ ရိုးရာအငွေ့လေးတွေနဲ့ကျွန်တော့်မြို့ကလေး ။တစ်ချိန်ကျရင် ကျွန်တော်ပြန်လာဦးမှာပါ ။
အဲဒီ့အခါကျရင် ”လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုပြီး မြို့ကလေးက နွေးနွေးထွေးထွေး ကြိုဆိုနေဦးမှာပေါ့ ။


ကဲ မြို့ကလေးရေ....................
သဘောင်္ကအချက်ပြနေပြီ .
င၀န်မြစ်ရေက ဘောင်ဘင်ခတ်လို့။
ကျွန်တော်သွားတော့မယ် ။
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ ။
မြို့ကလေးရေ.....................................။


ရွှေအိမ်စည်

1 comment:

  1. ရိုးသား ကြိုးစား ဧရာဝတီသားတွေနေ နေတာလေ......
    ဒါပေမဲ့မီးပျက်တာတော့မပြောပါနဲ့လေ ။ ချိုးချန်ချွေတာပြည်ချမ်းသာလေ ချွေတာနေတာပါ။
    ဆန်အိုးကြီးလို့ဆိုပေမယ့် ထမင်းငတ်နေသူတွေတောင်မနဲပါလား။
    ဆန်အိုးကွဲသွားလို့ပါ ။
    ခဏတာခွဲခွာသွားရတာပါ ထာဝရမဟုတ်လေ ?????????
    ပုသိမ်သားလေးမျှော်နေမယ်နော်............????????????

    ReplyDelete