ငါ.....ဟာ
လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်
ငါ....ဟာ
မိန်းမတစ်ယောက်အဖြစ်ရှင်သန်လာခဲ့တယ်
ချစ်ခြင်းမေတ္တာနဲ့ ချစ်ခြင်းမေတ္တာတို့ အကြား.
သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့မှုတွေအကြား
လူတစ်ယောက်နဲ့လူတစ်ယောက်ကြား
ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက်ကြား
သွေးသားမတော်စပ်ရင် ချစ်ခြင်းမမည်တဲ့လား
ဘာတွေနဲ့တိုင်းတာလည်း
ဘာတွေနဲ့အကဲဖြတ်လည်း
ညီမျှချက်..မညီမျှချက်
မင်း ဘာနဲ့များချိန်ထိုးလိုက်ပါသလဲ
သင့်တော်၏..မသင့်တော်၏
မင်း..ဘာနဲ့များသတ်မှတ်လိုက်ပါသလဲ
ဝန်တိုခြင်းဆိုတာ
ထားသင့်တဲ့သူမှ ထားရတယ်
ဒီအပင်မရလို့ ဟိုအပင်ကူး
ဒီအကိုင်းမရလို့ နောက်တစ်ကိုင်းထွင်
ဒီလိုအရုပ်ဆိုးတဲ့ဖြစ်ရပ်
ရိုးသားတဲ့ဆင်းဆင်းရဲရဲမိန်းကလေးတစ်ယောက်ငါ့မှာ
လုံး............၀............မ..............ရှိ............ခဲ့...........ပါ......။
လွယ်လွယ် ကူကူ ပြန်ပြုံးပြလိုက်လည်း
ငါ့ရင်ထဲမှာ မျက်ရည်တွေ စိုစိုရွှဲတယ်
မသိသယောင်ရယ်ဟဟဆိုလည်း
ငါ့ရင်ထဲမှာသိမ်ငယ်စိတ်တွေပြည့်တယ်
မင်း တော်ပါတယ်ကလေးရေ ချစ်ခြင်းမေတ္တာတို့ ကြောင့်
မင်း ကိုငါ ခွင့်လွှတ်လိုက်ပါရဲ့
ခေါင်းငုံ့ပြုံးပြလိုက်တာ ငါမှားနေခဲ့လို့ မဟုတ်ပါ
ပြန်မပြောနိုင်ခဲ့တာ ငါဟုတ်နေခဲ့လို့ မဟုတ်ပါ
မင်းထင်သလို....မင်းကြောက်နေသလို
ဘယ်တော့မှဒီဖြစ်ရပ်မဖြစ်စေရဘူး
အသက်နဲ့တောင်လောင်းကြေးထပ်ပါရဲ့
တစ်ခုလောက်မေးခဲ့ချင်ပါရဲ့
မတူမတန်ဘူးလို့များ မင်းတွေးခဲ့လေရော့သလား
ငါဟာ . . . လူတစ်ယောက်ပါ
လူထဲကလူမို့ လူတွေရဲ့အတ္တကို ငါမြင်ခဲ့မိပါရဲ့
ချိုချိုသာသာ သကာဖုံးလည်း
ဘာကိုရည်ရွည်လည်း ငါလူကြီးတစ်ယောက်မို့ 
မြင်နိုင်ခဲ့ပါရဲ့ သိနိုင်ခဲ့ပါရဲ့
သက်တန့်တွေ အရောင်ခြယ်တိုင်း
နွေရာသီက အမောတစ်ချက်ကို တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း
တရံရောအခါက ချစ်ခြင်းမေတ္တာများကို အဖြူရောင်ပေါ်
စွန်းထင်းသွားတဲ့ သံသယ နှစ်ချို့ဝိုင်များ အကြောင်းကို
ဒဏ္ဍရီထဲကလိုသွေးသောက်မဖွဲ့လည်း
အရင်းအချာလို့ သတ်မှတ်မိခဲ့တဲ့
ငါ့ရဲ့ချစ်ခြင်းတရားများကို
မလွမ်းချင်တော့ပါဘူး
ဒီအတိတ်အကြောင်းများနဲ့မင်းတို့ အပေါ်ထားခဲ့မိတဲ့သံယောဇဉ်ကို
ခွင့်ပြုပါတော့.................................................။

No comments:
Post a Comment